စေတုတ္တရာ ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး ၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအား သွားလာရေး ပိုမိုကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမှတ်(၁)ရပ်ကွက်ရှိ သီဟ-ဇေယျလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအား ဒေသခံပြည်သူများ သွားလာမှု အဆင်ပြေစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀) အောက် ငွေလုံးငွေရင်းအသုံးစရိတ် ဖြည့်စွက်ရန်ပုံငွေ ကျပ်(၉၅)သိန်းဖြင့် အရှည်ပေ(၃၃၅)ပေ ၊ အကျယ် (၁၄)ပေ၊ ထု(၈) လက်မရှိသော ကွန်ကရစ်လမ်းကို ဇူလိုင်လ ၂၇ရက်နေ့မှစတင်၍ ခင်းကျင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် စေတုတ္တရာမြို့တွင် မိုးတွင်းကာလ၌ လမ်းများ ပျက်စီးမှုမရှိစေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများနှင့် အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ အမှုဆောင်အရာရှိ ဦးသက်နိုင်ထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)