လေးမျက်နှာ ဇန်နဝါရီလ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အိုင်သပြု သီရိမင်္ဂလာစျေးတွင် Silent Strike (အသံတိတ် သပိတ်)နှင့်ပက်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များကို ယနေ့ နံနက်ပိုင်းက လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့နှိုးဆော်အသိပေး သတင်းထုတ်ပြန်ရာတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည် အသံတိတ်သပိတ် ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ရက်များ၌ ပျံ့နှံ့နေသည်ကို တွေ့ရှိရပါသည်။
အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်မှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ဆောင်ရွက်လျက် ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်းနှင့် အသံဖြင့်ဖြစ်စေ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ - က နှင့် ပုဒ်မ ၅၀၅ - က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က)နှင့် တည်ဆဲ ဥပဒေများအရ အရေးယူခံရနိုင်ကြောင်း အသိပေးထုတ်ပြန်ခြင်းများ ပါဝင်ကြောင်း သိရသည်။
ကျော်ဟိန်း