ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပေါက်ခေါင်း   ဇန်နဝါရီ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၁၉-၂၀၂၀)နှင့် (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပေါက်ခေါင်းမြို့နယ် သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးမောင်မောင်ညွှန့်က အဖွင့်အမှာစကားနှင့် အသင်း၏လုပ်ငန်း ဆောင်ရွက် မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်း‌ဒေသကြီးသမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးတင်လတ်၊ တိုင်းဒေသကြီး သမဝါယမအသင်းစု ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး အမှာစကားများနှင့် သမချေးငွေများအား သတ်မှတ် ကာလအတွင်းကြွေးကျန်များ ပြန်လည်ကောက်ခံနိုင်ရေးတို့ကို တက်ရောက်လာသော အခြေခံသမဝါယမ အသင်းဝင် ကိုယ်စားလှယ်များအား မှာကြားသည်။

ထို့နောက် မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ တာဝန်ရှိသူများက ဒါရိုက်တာအဖွဲ့၏လုပ်ငန်း အစီမံများ၊ အသင်း၏စာရင်းစစ် အစီရင်ခံ စာနှင့် သမဝါယမအသင်းစု၏ နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်း များကို ဖတ်ကြားတင်ပြသည်။

ယင်းနောက် အခြေခံသမဝါယမအသင်းသား ကိုယ်စားလှယ်များက ယခုဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အသစ်များကို အဆိုပြုရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)