ကျောက်တံခါး ဩဂုတ် ၂၆
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်လုပ်ဆောင်ရွက်သည့် တောင်သူ များအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းကျော်နှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦး တို့က အမှာစကားပြောကြားကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (Covid-19 Economic Relief Plan) အရ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက် ၍ မျိုးစေ့ထုတ်လုပ်ဆောင်ရွက်သည့် ကျေးရွာအုပ်စု(၄၅)အုပ်စုမှ တောင်သူ(၃၁၉)ဦးအား ပထမအရစ် မျိုးစေ့ဘိုးနှင့် အပင် ပြုစုခြင်း လုပ်ခ တစ်ဧကလျှင် (၈၃၅၀ဝိ/-)နှုန်းဖြင့် ဧကပေါင်း(၁၃၆၀)ဧကအတွက် ထောက်ပံ့ငွေသိန်း (၁၁၃၅၆၀၀၀၀)ကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီး ဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မည့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)