ကျုံပျော် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြည်သူများ အတွက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်မှုနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ယနေ့ သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို မြို့နယ်လဝကဦးစီးမှူး ဦးထွန်းအေး ဦးဆောင်သည့် ဝန်ထမ်းများက ယမန်နေ့တွင် အောင်ဆန်းရပ်ကွက် ပြည်သူများအတွက် ဧရာမင်းခန်းမ၌ ကွင်းဆင်းနောက်ဆုံးနေ့အဖြစ် အပြီးသတ် ဆောင်ရွက်ခဲ့ပြီး၊ လက်ရှိတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၇)အုပ်စုလုံး ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။ ဌာနအနေဖြင့် ပြည်သူများအတွက် ပန်းခင်းစီမံ ချက် ပထမ (၃)လတွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများကို မြို့နယ်လဝကရုံးသို့ ခေါ်ယူဆောင်ရွက် ပေးခဲ့ပြီး၊ ကျန်သည့်ကာလများကို ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၁၉၀)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၂၉၈)ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
လပြည့်ဦး