ကျောင်းကုန်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဒေါင့်ကြီးအခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးဝင်း က လာမည့် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးမည့်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း ပြောကြားပြီး၊ အဖွဲ့ဝင်(၃)မြို့နယ်လဝကဦးစီးမှုး ဦးမျိုးဝင်းရှိန် က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူတစ်ဦးချင်းလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေး ကတ်ပြား(၁၂၀)ကတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကပေးအပ်ခဲ့သည်။ နိုင်ငံတစ်ဝှမ်း အသက်(၁၈) နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် (၁၈)လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျှက်ရှိရာ ကျောင်းကုန်းမြို့နယ်အနေဖြင့်(၄၂၈၅)ဦးအား ရာနှုန်း ပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်