သရက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြုလုပ်သည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများ၏ အထက်တန်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ တွင် ဆုရရှိသူ (၆) ဦး၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ (၆) ဦးနှင့် မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသူ (၅)ဦး၊ စုစုပေါင်း (၁၇)ဦးတို့အား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးခဲ့သည်။
ဆုချီးမြှင့်ပွဲ အပြီးတွင် အမှတ်တရဓာတ်ပုံရိုက်ကူး၍ အခမ်းအနားတက်ရောက် လာကြသူများက ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာအုပ် စာစောင်ပြပွဲအား ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)