ပေါင်းတည်မြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူများအား ဆက်လက်ထိုးနှံပေး

ပေါင်းတည် ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပျဉ်းပင်ကန်ရပ်ကွက်၊ အတွင်းလမ်း၊ မိုးကုတ်ဝိပဿနာဓမ္မာရုံအတွင်း ဆေးထိုးစုရပ်တွင် ယမန်နေ့နံနက်ပိုင်းက ဆေးထိုးရန် ကျန်ရှိသော ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရာတွင် ပျဉ်းပင်ကန်၊ ဘွဲ့ပင်ကန်၊ အုတ်ဖို(၁)နှင့် အုတ်ဖို(၂)ရပ်ကွက် များအတွင်းရှိ အသက်(၁၈)နှစ်အထက် ပထမအကြိမ်ပြည်သူ(၃၃)ဦးအား (CoviShield) နှင့် ဒုတိယအကြိမ် ပြည်သူ(၈၃)ဦးတို့အား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ( Sinovac ) အမျိုးအစားကို ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးရန် ကျန်ရှိနေသူများအား ကာကွယ်ဆေး များကို သတ်မှတ်ဦးတည် အုပ်စုများအလိုက် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)