လွတ်လပ်မျှတသော ရွေးကောက်ပွဲများ ပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL) မှ လူငယ်များအတွက် ဒီမိုကရေစီ နိုင်ငံသားကောင်းဆိုင်ရာ စံနှုန်းများနှင့် မဲဆန္ဒရှင် အသိပညာပေး သင်တန်းဖွင့်လှစ်

ဘောလခဲ ဩဂုတ် ၂၆

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် မိုင်းထမ်းကျေးရွာတွင် ၂၀၂၀ ရွေးကောက်ပွဲ အတွက် လူငယ်များ အနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပိုမိုစိတ်ဝင်စားပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပံ့ပိုး ကူညီရေးအဖွဲ့ (MYNFREL) မှ ဒေသခံလူငယ်များအတွက် ဒီမိုကရေစီနိုင်ငံသားကောင်းဆိုင်ရာ စံနှုန်း များနှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်း သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းထမ်း​ကျေးရွာ ရွှေညောင်ပင် ခန်းမဆောင်၌ ကျင်းပသည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြ တာဝန်ခံ ဒေါ်ဇင်မျိုးသူ၊ ဦးမွန်တာနှင့် ဒေါ်ဒိုမယ်နီကာတို့မှ လူငယ်များအနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ်၌ ပိုမို ပါဝင်လာစေရန် ရည်ရွယ်ပြီး သင်တန်းပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် သင်တန်းတွင် လူငယ်များ ၏ အသံ၊ ဒီမိုကရေစီ၏ အခြေခံအင်္ဂါရပ်များ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ခေါင်းဆောင်မှု မိတ်ဆက်ခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲမိတ်ဆက်ခြင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းနှင့် သရုပ်ပြ တင်ဆက်ခြင်း၊ လူငယ်နှင့် လူမှု အသိုက်အဝန်း အခန်းကဏ္ဍ စသည့် ခေါင်းစဉ်များဖြင့် သင်တန်းပို့ချသွားမည် ဖြစ်သည်။

သင်တန်းတွင် ဘောလခဲမြို့နယ်တွင်းရှိ မြို့ပေါ်ကယားပိုင်းရပ်ကွက် ယင်းတလဲလူငယ်နှင့် မိုင်းထမ်း ကျေးရွာအတွင်းရှိ လူငယ်မောင်မယ် (၂၀) ဦး တက်ရောက်ကြပြီး သင်တန်းကို ၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သင်တန်း တာဝန်ခံ ဆရာမထံမှ သတင်းရရှိသည်။

လှရွှေ