ဇလွန် ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက် ၈ အချိန်တွင် ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့၌ ပြုလုပ်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကိုဆေးကြောခြင်း မပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ်တကျစွန့်ပစ်ရန်၊ ပြည်သူများအနေဖြင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေကြရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရန် အသိပညာပေး ပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်း Mask အခုရေ (၃၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေယံ