ကော့သောင်း သြဂုတ် ၂၆
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော့သောင်းခရိုင်အတွင်း မဲပေးကြမည့်မဲဆန္ဒရှင်စာရင်းများမှာ ကွက်လပ်ဖြစ်နေမှုများကို ဖြည့်သွင်းနိုင်ရေး ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမမှာ ညှိနှိုင်းအစည်းအဝေးပြု လုပ်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးမှာ ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးက မဲဆန္ဒရှင်စာရင်းများမှာ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ်များ၊ မိဘအမည်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများ အမြန်ဆုံးဖြည့်သွင်းနိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ လဝကဝန်ထမ်းများက မိမိတို့ကျရာလုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးနိုင်ရန် ဂရုပြုအလေးထားဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် ဘုတ်ပြင်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်တို့က မိမိတို့မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကွက်လပ်များ ဖြည့်သွင်းနိုင်မှုအခြေအနေနဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းအစီအမံများကို အသီးသီးရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။
ကော့သောင်းခရိုင်အနေဖြင့် မဲရုံ (၁၉၃) ရုံတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင် (၁၅၅၃၁၂) ဦးရှိရာ ကွက်လပ်ဖြစ်နေသည့် နိုင်ငံသားစိစစ်ရေးအမှတ် (၄၀၈၂၁) ဦး၊ မိခင်အမည် (၁၈၈၁) ဦး၊ ဖခင်အမည် (၃၂၅) ဦး၊ မွေးသက္ကရာဇ် (၅၂) ဦးအား အမြန်ဆုံးပြန်လည်ဖြည့်သွင်းကာ မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ် ထုတ်ပြန်နိုင်ရေး ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)