လူမျိုး၊ ဘာသာမခွဲခြားဘဲ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရင်းနှီးစွာဖြင့် စုပေါင်းအားကို တည်ဆောက်ကြရမည်

ဘားအံ ဇန်နဝါရီ ၂၇

နိုင်ငံတော်တည်ဆောက်ရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကောင်းများကိုထိန်းသိမ်း၍ ဘာသာပေါင်းစုံ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ကရင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ကရင်ပြည်နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မတူကွဲပြားသော ဘာသာဝင်များအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ကျယ်ပြန့်အောင် လုပ်ဆောင်ပြီး ကိုးကွယ်ယုံကြည်မှုကွဲပြားခြင်းကို အကြောင်းပြု၍ စိတ်ဝမ်းကွဲအောင် သွေးထိုး လှုံ့ဆော်မှုများကိုလည်း ညီညွတ်စွာဖြင့် ကာကွယ်တားဆီးတွန်းလှန်ကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း မွေးဖွားကြီးပြင်းကြသည့် မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် မြန်မာနိုင်ငံ သားဟူသောစိတ်ဓါတ်ဖြင့် လူမျိုး၊ ဘာသာမခွဲခြားဘဲ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရင်းနှီးစွာဖြင့် စုပေါင်းအားကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ဘာသာရေး ခေါင်းဆောင်များ အနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း၊ ဒေသတွင်းတည်ငြိမ် အေးချမ်းမှု ရှိမှသာလျှင် ဘာသာရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက်  ငြိမ်းချမ်းရေး လုပ်ငန်စဉ်များတွင်လည်း ပူးပေါင်းပါဝင်ပေးကြရန် ငြိမ်းချမ်းရေး အကျိုးဆောင်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ လူငယ်များ လိမ္မာရေးခြားရှိစေရေးအတွက် ဘာသာတရား၏ အဆုံးအမကို လိုက်နာခံယူတတ်စေဖို့လို ကြောင်း၊  အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြမည်ဆိုပါက နောင်လာမည့်အနာဂတ်တွင် တိုးတက်ငြိမ်းချမ်းသည့် ကရင်ပြည်နယ်ကြီးကို မြင်တွေ့ရမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက်တွင် တက်ရောက်လာသည့် နာယကနှင့်အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗုဒ္ဓဘာသာအဖွဲ့၊ ခရစ်ယာန်ဘာသာအဖွဲ့၊ အစ္စလာမ်ဘာသာအဖွဲ့၊ ဟိန္ဒူဘာသာအဖွဲ့များမှ နာယကများ၊ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာဘာသာရေးအဖွဲ့များအလိုက် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင် ရေး၊ သာသနာပိုင်မြေရရှိနိုင်ရေး၊ ငြိမ်းချမ်း ရေးဆုတောင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး၊ အဖွဲ့၏ရည်ရွယ်ချက်များ လှုပ်ရှားဆောင်ရွက်နိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးတို့က ဘာသာရေးခေါင်းဆောင်များအား အလှူငွေနှင့်လက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ကရင်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ကိုယ်စား ကိုယ်စားလှယ် တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)