ဓနုဖြူ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန် ရည်ရွယ်၍ မြို့နယ်မီး သတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနောင်နောင် ဦးဆောင်၍ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် (၁၅)ဦး အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး စုစုပေါင်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးတို့မှ မြို့နယ်အတွင်း ငလျှင်ဘေး အန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ငလျှင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် သဏ္ဍန်တူအဆောက်အဦ ပြုလုပ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု အဆင့်ဆင့်တို့ကို ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် မကြာခဏဖြစ်ပေါ်လေ့ရှိသည့် ဘေးအန္တရာယ်များသာမက ရံဖန်ရံခါ ဖြစ်ပေါ်တတ်သည့် ကြီးမားသောထိခိုက် ပျက်စီးမှု ဘေးအန္တရာယ်များကြုံတွေ့ရသည့်အခါ တပ်ဖွဲ့ဝင်များအနေဖြင့် အရန်သင့်ဖြစ်စေပြီး၊ ရပ်ရွာပြည်သူလူထု၏ အသိပညာများ ကို မြှင့်တင်ပေးရာ ရောက်သဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး၊ အလွန်အမင်း ထိခိုက်ပျက်စီးမှုများကို လျော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးရှိပြီး၊ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးသုံး ပစ္စည်းများကိုလည်း စနစ်တကျ စီစဉ်ထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)