တမူး ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ကာ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရပ်ကွက်များအတွင်းရှိ လှည့်လည်၍ ပြည်သူများအနေဖြင့် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်အသုံးပြုရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ (၆)ပေခန့်အကွာ ခပ်ခွာခွာနေ၍ ပြောဆိုဆက်ဆံကြရန်၊ တတ်နိုင်သမျှ လူစုလူဝေး မပြုလုပ်ကြရန်နှင့် လူစုလူဝေးရှောင်ကျဥ်ရန်၊ အများသုံး ပစ္စည်းများကို မကိုင်တွယ်မှီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ကိုအနဲဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောရန်၊ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများ၊ ယာဉ်မောင်းယာဉ် နောက်လိုက်များ၊ ခရီးသွားပြည်သူများအနေဖြင့် တမူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်နံနက် ၈ နာရီခွဲအချိန်မှ ၁၀ နာရီခွဲ အချိန်အတွင်း ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုခံယူ၍ သွားလာဆောင်ရွက်ကြရန်၊ တမူးမြို့ပြည်သူ့ ဆေးရုံကြီးတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အသက်(၁၂)နှစ်အထက် ကျောင်းသား/ သူများကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ (၁၂)နာရီအချိန်ထိ ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ဆေးထိုးနှံပြီး (၂၈) ရက်ပြည့်ပြီးသူများ၊ ဒီဇင်ဘာ(၆)ရက်နေ့ နောက်ပိုင်း ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် လာရောက်ထိုးနှံကြရန်၊ ဆေးတစ်ခါမျှ ထိုးနှံရခြင်းမရှိသေးသူများအနေဖြင့် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရောဂါ ကာကွယ်ဆေး Covaxin ဆေးလာရောက် ထိုးနှံနိုင်ရေးတို့အတွက် မြို့ပေါ် ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
ယခုအခါ တမူးမြို့နယ်အတွင်း ဇန်နဝါရီ(၁၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ(၁၁၁)ဦး ရှိပြီဖြစ်၍ ပြည်သူများအနေဖြင့်ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးအတွက် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျော်ကြီး