ကျောက်တံခါးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောက်တံခါး ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်း စေရေးအတွက် မြို့နယ်စီမံချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား  ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်စည်ပင်ခန်းမတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်များမှ အပ အသက် (၁၈)နှစ်နှင့် အထက် ပြည်သူများအားလုံးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးတစ်ပုလင်းလျှင် (၅)ဦးနှုန်းဖြင့် တစ်ကြိမ်သာ ထိုးနှံပေးရမည့် ကာကွယ်ဆေးဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်း များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ volunteer များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှ သာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီး မိနစ်(၃၀)အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်း မြို့တွင်လည်း တပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)