မြို့သစ်မြို့နယ်တွင်ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူများလာ

မြို့သစ်  ဇန်နဝါရီ ၂၆

မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း မြေအောက်ရေတွင်းတူးဖော်ကာ မြေအောက်ရေသွင်း စိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်မှ ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူများသည် ငှက်ပျောစိုက်ပျိုးခြင်းကို တပေါင်းလ၊ တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ မြို့သစ်မြို့နယ်မှ ငှက်ပျောစိုက်ပျိုးသူများသည် ဖီးကြမ်းငှက်ပျောတစ်မျိုးတည်းသာ အများဆုံးစိုက်ပျိုးကြပြီး ငှက်ပျောပေါ်ချိန်၌ ရောင်းအား ကောင်းခြင်းကလည်း ဖီးကြမ်းငှက်ပျောကသာ ရောင်းအားပိုပြီး ဈေးနှုန်းလည်းရရှိကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးက ပြောသည်။

ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင် စိုက်ပျိုးခြင်း ဖြင့် ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်းစိုက်ပျိုးသူများက ငှက်ပျောသားတက်မထား ကြဘဲ အပင်အားလုံးအသီးသီးပြီးလျှင် အသစ်ပြန်စိုက်ကြသည်။ တစ်ကျင်းနှစ်ပင်စိုက် တောင်သူများမှာမူ ငှက်ပျောသားတက် တစ်ပင်တစ်တက်ထားပြီး စိုက်ပျိုးကြသည်။ ငှက်ပျော ပေါ်ချိန်သည် စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ပေါ်ပြီးထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများအား မြို့သစ်စည်ပင်သာယာစျေးအတွင်းသို့ သွားရောက်ရောင်းချရကြောင်းနှင့် ကုန်သည် များကလည်း ငှက်ပျောခြံထိ လာရောက်ဝယ်ယူကြကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)