ဘားအံ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့ Perfect Hotel၌ ကုန်စည်ဒိုင်ဖြစ်မြောက်ရေး ပဏာမညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွှန်းလွှဲပိုင်း (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးအရာရှိ ဦးအောင်အောင် က ဌာန၏ လုပ်ငန်းတာဝန်များအကြောင်းနှင့် ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် အသေးစား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ဇွဲကပင်ကုန်သွယ်မှု ဗဟိုဌာန၊ တာဝန်ခံ ဦးမောင်မောင်အုန်းက မိမိတို့ဌာနသည် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ပတ်သက်သည့် လုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ပေးနေကြောင်း၊ ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများ ပြုလုပ်နေမှုများ အကြောင်းနှင့် ကုန်စည်ဒိုင်ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးဖြစ်ထွန်းမှုများ အကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ် စားသုံးသူဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက စားသုံးသူရေးရာ ဦးစီးငှာန၏ သမိုင်းကြောင်းအား ရှင်းပြပြီးဌာန၏ မျော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများ၊ ကုန်းအညွှန်း အမှတ်အသား ဖော်ပြရန် သတ်မှတ်ချက်များ၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုလုပ်ငန်းများ အကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၂၀၀၆ ခုနှစ်မှ ယနေ့ထိ ကုန်စည်ဒိုင်(၆၆)ခုအား ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ကုန်စည်ဒိုင်ဖွင့်လှစ်ခြင်းဖြင့် ဒေသထွက်ကုန် ပစ္စည်းများ ဈေးနှုန်း/ဈေးကွက် မှန်ကန်လာပြီး ရောင်းဝယ်မှု လွယ်ကူလာကြောင်း၊ ကုန်စည်ဒိုင် ရှိခြင်း/မရှိခြင်း၏ အကျိုးတရားများ၊ ကရင်ပြည်နယ်တွင် ကုန်စည်ဒိုင်ဖြစ်မြောက်ရေးအတွက် အသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း စသဖြင့် ကုန်စည်ဒိုင်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာ များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြောကြားပြီး ကြွရောက်လာသော ညီနောင်အသင်းများမှ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များမှ အကြံပြုဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ စာသုံးသူရေးရာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူ(၁၄)ဦးနှင့် ညီနောင်အဖွဲ့များနှင့် ကုန်သည်လုပ်ငန်းရှင်များ (၂၉)ဦးခန့် တတ်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး (ပြန်/ဆက်)