ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ကျုံပျော် ဇန်နဝါရီ ၂၆

မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုင်လေ့ကျင့်မှု  ပြုလုပ်ခြင်းကို  ယနေ့ နံနက် ၉ နာရီက တေဇရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မီးသတ်စခန်းရုံးသစ်၌ ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့်ဦးဆောင်၍ မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦးတို့က ငလျှင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့်  သဏ္ဍန်တူအဆောက်အဦ ပြုလုပ်၍ ကယ်ဆယ်‌ရေးလုပ်ငန်းများ ဆောင် ရွက်မှု အဆင့်ဆင့်တို့ကို ဇာတ်တိုက်လေ့ကျင့်မှု  ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် ဘေးအန္တရာယ်များသာမက ရံဖန်ရံခါ ဖြစ်ပေါ်တတ်သည့် ကြီးမား‌သော ထိခိုက်ပျက်စီးမှု ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ တပ်ဖွဲ့ဝင်များအနေဖြင့် အရန်သင့်ဖြစ်စေပြီး၊ ရပ်ရွာပြည်သူလူထု၏ အသိပညာများကို မြှင့်တင်ပေးရာ ရောက်သဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး၊ အလွန်အမင်း ထိခိုက်ပျက်စီးမှုများကို လျော့ချနိုင်မည်ဖြစ်‌ကြောင်း သိရသည်။

ကျုံပျော်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၂)ဦးရှိပြီး၊ မြို့နယ်အတွင်းသဘာဝ ဘေးအန္တရာယ်များ ကျရောက်ပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးသုံးပစ္စည်း များကိုလည်း စနစ်တကျ စီစဉ်ထားရှိကြောင်း သိရသည်။

လပြည့်ဦး