ကျိုက်ဒုံ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဝင်းလုံကျေးရွာ တောင်သူ ဒေါ်ဒါနု၏ စိုက်ခင်းတွင် တစ်ပိုင်တစ်နိုင်ဖူးစားပြောင်းများ စိုက်ပျိုးထားခြင်းကြောင့် နေ့စဉ် မိသားစုအပိုဝင်ငွေများ ရရှိလျက် ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ခင်းမှ ထွက်ရှိသည့် ဖူးစားပြောင်းများအား စိုက်ပျိုးတောင်သူဒေါ်ဒါနုမှ မိမိတို့၏ ဖောက်သည်များအား ဖူးစားပြောင်း အဖူးတစ်ရာလျှင်ငွေ (၈၀၀၀) ကျပ်ဖြင့် ရောင်းချပေးပြီး ဖူးစားပြောင်း ရောင်းဝယ်နေသူများမှ ကျိုက်ဒုံမြို့မစျေးတွင် ဖူးစားပြောင်း အဖူးတစ်ရာလျှင် ငွေ (၁၀၀၀၀)ကျပ်အထိ ရရှိ၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိသည်။
ယခင်က တောင်သူများသည် ဖူးစားပြောင်းများကို မိရိုးဖလာစိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးခဲ့ကြပြီး ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးနည်းပညာများ ပြသဆောင်ရွက်ပေးမှုကြောင့် စနစ်တကျ စိုက်ပျိုးလာကြကြောင်း သိရှိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)