ချောက် ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာရေနံမြေ၌ ချောက်/လမ်းရွာရေနံမြေ ဝန်ထမ်းများဖြင့် အခြေခံမီးသတ် ပညာ(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က လုပ်ငန်းခွင် သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ချောက်/လမ်းရွာ ရေနံမြေဌာန အသီးသီးမှ သင်တန်သား ဝန်ထမ်းများအနေဖြင့် မိမိတို့တက်ရောက်သည့် အခြေခံ မီးသတ်ပညာ(မွမ်းမံ)သင်တန်းမှ နည်းပြဆရာများ၏ စာတွေ့၊လက်တွေ့ သင်ကြားပြသမှုများအား လက်တွေ့အသုံးချပြီး မိမိဌာန၊ မိမိရပ်ရွာတွင် မတော်တဆ မီးလောင်မှုဖြစ်လျှင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် အမှာစကားပြောကြားပြီး ချောက်/လမ်းရွာ ရေနံမြေအထွေထွေ မန်နေဂျာဦးရဲနိုင်မှ လုပ်ငန်းခွင်၊ အလုပ်ရုံ၊ စက်ရုံ၊ ရေနံ နှင့် သဘာဝဓါတ်ငွေ့ မတော်တဆမီး လောင်ကျွမ်းလျင် စနစ်တကျ ငြှိမ်းသတ်နိုင်ခြင်း၊ မီးလောင်ပါက အခြေခံကျကျ ငြှိမ်းသတ်နိုင်မည် ဖြစ်သောကြောင့် သင်တန်းပြီးစီးအောင် တက်ရောက် သင်ယူခဲ့သည့် ရေနံမြေဌာနအသီးသီးမှ သင်တန်းသား ဝန်ထမ်းများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း မှ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ခဲ့သည့် သင်တန်းသား(၅၀)ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားများမှလည်း အခြေခံမီးသတ်ပညာ လက်တွေ့သရုပ်ပြသည့် အနေဖြင့် ဆီမီးလောင်မှုအား မီးသတ်ဆေးဗူး အသုံးပြု၍ လက်တွေ့ငြှိမ်း သတ်ပြသခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)