မင်းဘူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

မင်းဘူး   ဇန်နဝါရီ   ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က စာဖတ်ဝိုင်းနှင့် စာပေဟောပြောပွဲများ မကြာခဏ ကျင်းပပေးခြင်းဟာ ပြည်သူများစာပေနှင့် ရင်းနှီးမှုရှိလာပြီး စာဖတ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရေး၊ လူငယ်များအနေဖြင့်လည်း ပြောဆို ဆွေးနွေးသည့် အခွင့်အလမ်းများရရှိပြီး အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေကို ချစ်မြတ်နိုးကာ စာတစ်ပိုဒ်၊ ကဗျာတစ်ပုဒ်၊ စာတစ်အုပ်ကိုဖတ်ခြင်းဖြင့် လူတစ်ယောက်၏ဘဝကို ကြီးမားစွာ ပြောင်းလဲပြုပြင်နိုင်စွမ်းရှိကြောင်း ဒါကြောင့် စာအုပ်စာပေ များများဖတ်ကြရန် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ Book Club အတွင်းရေးမှူး ဦးဌေးလွင်၊ အဖွဲ့ဝင် အလယ်တန်းပြဆရာမ ဒေါ်မိုးဆွေနှင့် မူလတန်းကျောင်းအုပ်ဆရာ ဦးလှတိုးက မိမိတို့ဖတ်ရှုလေ့လာ၍ စာဖတ်ခြင်းမှရရှိသော အတွေးအမြင်နှင့် အသိပညာများကို ပြန်လည်မျှဝေဆွေးနွေးခဲ့ပြီး ကျောင်းသူမလေး နှစ်ဦးကလည်း မိဘများနှင့် ဆရာသမားများက စာပေဖတ်ကြားခိုင်း၍ ဖတ်ကြရသော်လည်း အသိပညာ ဗဟုသုတများရရှိ၍ စာစီစာကုံးများ ရေးသားသည့်အခါ များစွာအထောက်အကူရပါကြောင်း ဒါကြောင့် လူငယ်များအတွက် အသိပညာဗဟုသုတ တိုးပွားစေသည့် စာအုပ်စာပေများကို သူငယ်ချင်းများအား စာဖတ်ကြပါလို့ တိုက်တွန်း လိုပါကြောင်း ဆွေးနွေးခဲ့ကြသည်။

မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်အညွှန်း၊ စာဖတ်မိတ်ဆက် စာဖတ်ဝိုင်းနှင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show များကို Book Club အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် လစဉ်ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)