ပုလော ဇန်နဝါရီ ၂၆
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးနှံ ပေးလျက်ရှိရာ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကာ Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ထိုးနှံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ခြင်းကို ပုလောမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့ပွားမှုနှုန်း ယခင်က ထက်လျော့နည်းလာပြီ ဖြစ်သော်လည်း ရောဂါကင်းစင် ပပျောက်မှု မရှိသေးသည့်အပြင် ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး နေအိမ်အတွင်း၌ သာနေထိုင်ရန်၊ အိမ်တွင် ဧည့်သည် လက်ခံခြင်း လုံးဝမပြုရန်နှင့် မိမိ ကိုယ်တိုင်လည်း ဧည့်သည် အဖြစ်သွားရောက်ခြင်း လုံးဝမပြုရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွါပါက (Mask) နှာခေါင်း စည်းစနစ် တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါဝေဒနာ ရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေဝင်လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်း မှရှောင်ကျဉ်ရန် တစ်ဦးနှင့်တစ်ဦးခပ်ခွာ ခွာနေထိုင်ကြရန်၊ လူစုလူဝေး ရှောင်ရှား ကြရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ (Mask) နှာခေါင်းစည်း မတပ်ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ အသုံးပြုပြီးသော (Mask)နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင်တွင် စနစ် တကျ စွန့်ပစ်ရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မိမိအနေဖြင့် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များကို စနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသူများကို မြို့ပေါ်ရပ်ကွက်များ အတွင်း Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ဆေးထိုးနှံပေးမည်ဖြစ်ရာ လာရောက် ထိုးနှံကြရန် အသိပညာပေး နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော)