သရက်သီးစိမ်းပေါ်ချိန် ဈေးကွက်အတွင်း‌ ဈေးကောင်းရရှိနေ

ဘိုကလေး ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် ရေမြေသဘာဝ ညီမျှသည့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး သရက်ပင်များ ပေါများစွာ ပေါက်ရောက်သည့် ဒေသတစ်ခုဖြစ်ရာ ယခုအချိန် ဆောင်းလယ်ကာလသည် သရက်သီးများ စတင်သီး၍ ဈေးကွက်အတွင်း၌ ဈေးကောင်းရလျက်ရှိသည်။

ဈေးကွက်များအတွင်း သီးခါစ သီးကင်းအလုံးကလေးများအား တို့စရာအဖြစ် တစ်လုံးလျှင်(၂၀၀)ကျပ်နှုန်းခန့်ရောင်းချလေ့ရှိပြီး သရက်သီးအရွယ်အစားပေါ်မူတည်၍ အလုံးအရွယ် အစားကြီးလျှင် ကြီးသလောက် (၅၀၀)ကျပ်နှုန်းအထိပါ ဈေးကွက် ပေါက်ရောက်လျက်ရှိသည်။

ဘိုကလေးမြို့နယ် အတွင်းမှ သရက်ပင်များရှိသည့် နေရာများအရောက် ကိုယ်တိုင်လိုက်ခူး၍ လက်ကားလိုက်လံ ဝယ်ယူသူများလည်း ရှိသည့်အပြင် သရက်ပင် ပိုင်ရှင်မှ ကိုယ်တိုင်ခူး၍ ဈေးကွက်အတွင်းကိုယ်တိုင် ရောင်းချမှုများလည်းရှိသည်။

ဘိုကလေးမြို့နယ်တွင် ရင်ကွဲ၊ မချစ်စု၊ ပန်းဆွဲနှင့် စိန်တစ်လုံး သရက်သီးပင်များ ပေါက်ရောက်လေ့ရှိပြီး သရက်သီးမှည့်ပေါ်ချိန်တွင် ဈေးကွက်အသီးသီးသို့ တင်ပို့ ရောင်းချမှုများရှိပြီး သရက်သီးမှည့် ပေါများချိန်များတွင် တစ်နိုင်တစ်ပိုင် သရက်ပျဉ် လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ကြသူများလည်း ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)