ကျောက်ကြီး ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာ များသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုများအပြင် ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက် ပျံ့နှံ့မှုရက်ပိုင်းအတွင်းမှာပင် နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း နှင့်အတူ အာဆီယံနိုင်ငံတစ်ခုဆီသို့ရောက်ရှိလာပြီဖြစ်ရာ မိမိတို့နိုင်ငံနှင့် နီးကပ်လာလျက် ရှိနေပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေး သတိပြုကြရမည်ဖြစ်သော်လည်း ကြောက်စရာ မဟုတ်ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲ မသွားလာခြင်း၊ ပြင်ပထွက်တိုင်းနှာခေါင်းစည်း (Mask) တပ်ခြင်း၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်းစသည့် စည်းမျဉ်းစည်းကမ်းများအား ဆက်လက် လိုက်နာကျင့်သုံး သွားကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းသိရသည်။