ပုလော ဇန်နဝါရီလ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမော်က လူတစ်ဦးအနေဖြင့် ခန္ဓာကိုယ် ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း ပြည့်စုံမှ ကျန်းမာခြင်း အစစ်အမှန်ကို ခံစားရမှာဖြစ်ပြီး၊ ခန္ဓာကိုယ် ကျန်းမာစေရန် လိုအပ်သော အားကစားနည်းများကို သိရှိပြီး အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးဟန်ကြည်က အားကစားဆိုသည်မှာ အင်အားနှင့် ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားရကြောင်း၊ အားကစားတွင် ယှဉ်ပြိုင် အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေ အားကစားနှင့် လူထုအားကစားဟူ၍ ရှိကြောင်း၊ အားကစား နည်းထဲတွင် လမ်းလျှောက်ခြင်းသည် သဘာဝကျဆုံးနှင့် အရိုးရှင်းဆုံး အားကစား နည်းဖြစ်ပြီး စရိတ် အကျဉ်းဆုံး၊ အန္တရာယ် အကင်းဆုံး အရွယ်သုံးပါးမရွေး ဆောင်ရွက် နိုင်ကြောင်း၊ ပုံမှန် လမ်းလျှောက်ခြင်း ဖြင့် စိတ်လက်ပေါ့ပါးစေခြင်းနှင့် အညောင်းပြေစေခြင်း၊ သွေးလှည့်ပတ်မှု ညီညွတ်မျှတစေခြင်း၊ အောင်ဆီဂျင်ရှူသွင်းမှု နည်းတိုးတက်စေပြီး ကိုယ်ခံစွမ်းအား ကြံ့ခိုင် စေခြင်း၊ ကြွက်သား များ သန်မာပြီး ပိုလျှံ အဆီများ ချေဖျက်နိုင်ခြင်း၊ အကြောအချဉ် အရွတ်များ ပျော့ပြောင်း စေပြီး ဖြတ်လတ်ပေါ့ပါးစေခြင်း၊ စိတ်ဖိစီးမှုကို ပြေလျော့ပြီး ကြည်လင် လန်းဆန်းခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိ ခံစားရမည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးအတွက် အကျိုးရှိအောင် လမ်းလျှောက်သည့်အခါ အချိန်ဘယ်လောက်ကြာကြာ၊ အရှိန်ဘယ်လောက်မြန်မြန်၊ အကွာအဝေး ဘယ်လောက်ဝေးဝေး လျှောက်နိုင်မည့် ဆိုတဲ့ အချက်တွေ အပေါ် သင့်လျော် သလို စိစစ် ဆောင်ရွက်ရမည့်အပြင် အသက်အရွယ်အရ ကျန်းမာသန်စွမ်းမှု အရ ရောဂါ အခံရှိမှုအရ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိနိုင်သဖြင့် မိမိတို့ ခံနိုင်ရည် ရှိသလောက် ချင့်ချိန်၍ ဆောင်ရွက်သင့်ကြောင်းကို ပြောဆိုဆွေးနွေးခဲ့ပါသည်။
အေးအေးမော် (ပုလော)