လှိုင်းဘွဲ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အတွင်းရှိ သမ္ဘာန်ကျေးရွာ၌ လှိုင်ချောင်းရေကို အသုံးပြု၍ တောင်သူများက စားဖိုဆောင်ဟင်းသီး၊ ဟင်းရွက်များကိုမိသားစု တနိုင်တပိုင်စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရသည်။
လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့နယ်ချင်းဆက် ကားလမ်းနံဘေးရှိ သမ္ဘာန်၊ နောင်သငဲ့၊ ထီလုံ၊ ဒိုင်းပြ စသည့်ကျေးရွာအုပ်စုများတွင် ဆည်ရေအပြင် သဘာဝရေဝင်ချောင်း၊ မြောင်း၊ ရေအိုင်များသည် ရေခံ၊ မြေခံကောင်းသည့် အတွက် တစ်နှစ်ပတ်လုံး ရေခမ်းခြောက်မှု မရှိသကဲ့သို့ မိုးရာသီ၌လည်း မိုးရေချိန်လက်မများစွာ ရွာသွန်းသည့်ကာလများတွင် ကျေးရွာအများစု၏ လယ်ယာမြေများမှာ ရေကြီး၊ ရေလျှံသည့် ဒုက္ခများကို နှစ်စဉ်နီးပါး ခံစားကြုံတွေ့ကြရကြောင်း တောင်သူများက ရှင်းပြသည်။
လှိုင်ချောင်းရေကို ရေစုပ်စက်အသုံးပြု၍ စားဖိုဆောင် ဟင်းသီး၊ ဟင်းရွက်များကို စိုက်ပျိုးနေသည့် တောင်သူ ဦးတင်လှိုင်က မိုးရာသီ ရေကြီး၊ ရေလျှံသည့်နှစ်များတွင် မိုးစပါး စိုက်ပျိုးရန် ခက်ခဲကြောင်း၊ ဆောင်းရာသီနှင့် နွေရာသီများတွင် မိမိတို့၏ လယ်ယာမြေအနီး၌ ရေရှိနေသည့်အတွက် စားဖိုဆောင်သီးနှံများဖြစ်သည့် ဘူး၊ သခွား၊ ချဉ်ပေါင်၊ ကန်စွန်း၊ ငရုတ်စသည့် သီးနှံများကို စိုက်ပျိုးကြောင်း၊ ယခင်နှစ်က ပြောင်းဖူးသီးနှံနှင့် ဘုရားပန်းဖြစ်သည့် ဂန္ဓမာပန်းများကို စိုက်ဖူးခဲ့ကြောင်း၊ ဘုရားပန်းများက စျေးကွက်တွင် အမြဲရောင်းကောင်းသော်လည်း ယခုနှစ်မှာ ပန်းစိုက်အလုပ်သမား ငှား၍မရသည့်အတွက် မစိုက်ဖြစ်တော့ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူများ အနေဖြင့် သီးနှံများအထွက်တိုးစေရေးနှင့်ပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကို အဓိကဖော်ပြပေးသည့် ဒို့ကျေးရွာဂျာနယ်ကိုလည်း ဖတ်ရှုလေ့လာ မှတ်သားသင့်ပါကြောင်း၊ ကိုယ်တိုင်လည်း ဒို့ကျေးရွာဂျာနယ်ကို လစဉ်ဝယ်ယူဖတ်ရှုလျက်ရှိကြောင်း ရှင်းပြခဲ့သည်။
လင်းသန့်(ပြန်/ဆက်)