ဘိုကလေး ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်ကြသော်လည်း မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ငန်းအမျိုးမျိုးအား ဆောင်ရွက်လုပ်ကိုင်လေ့ရှိရာ အုန်းတံမြက်စည်း လုပ်ငန်း လုပ်ကိုင်သူများအဖို့ ငွေအရင်းအနှီး နည်းပါးစွာဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိသည်။
ဘိုကလေးမြို့နယ်သည် အုန်းပင်များ ပေါများစွာ ပေါက်ရောက်သည့်အတွက် အုန်းပင်မှ အုန်းလက်များအား အမှိုက် မဖြစ်စေဘဲ အုန်းရွက်သတ်ကာ အုန်းရွက်အလယ်မှ အုန်းတံများအား တံမြက်စည်းအဖြစ် စုစည်း၍ အုန်းတံမြက်စည်းအဖြစ် ပြုလုပ်ကြသည်။
အဆိုပါ လုပ်ငန်းအား ဘိုကလေးမြို့နယ်တွင် လုပ်ကိုင်ဆောင်ရွက်သူ ဦးရေ(၅၀)ဦးထက် မနည်းရှိပြီး ဈေးကွက်အတွင်းသို့ တင်ပို့ ရောင်းချပါက အသေးဆုံး တံမြက်စည်းတစ်ချောင်းလျှင် (၂၅၀)ကျပ်၊ အလတ်စား တံမြက်စည်းတစ်ချောင်းလျှင်(၇၀၀)ကျပ်နှင့် လက်ကိုင်ဝါးတံပါ တံမြက်စည်း အကြီး တစ်ချောင်းလျှင်(၁၆၀၀) ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း လက်ကားတင်ပို့ ရောင်းချရပြီး အရင်းအနှီးနည်းပါးစွာဖြင့် မိသားစု အပိုဝင်ငွေများ ရရှိလျက်ရှိသည်။
အုန်းတံမြက်စည်းအား အိမ်ခြံဝန်းများ၊ နံရံများနှင့် ဆောက်လုပ်ရေး ၊ မွေးမြူရေး လုပ်ငန်းများ၌ ရိုးရိုးတံမြက်စည်းများထက် ပိုမို အသုံးဝင် အကြမ်းခံလေ့ရှိပြီး ကျေးလက်ဒေသများရော မြို့ပြဒေသများပါ လူကြိုက်များသည့် ကုန်ပစ္စည်း တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
မိုးစက်