ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး ဇန်နဝါရီ ၂၆

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်ပေးဒိုင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက်ခဲ့ကြပြီး (၅)ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုနှင့် (၁)ဦးချင်း၊ (၃) ယောက်တွဲ သရုပ်ပြသခြင်းတို့အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်တို့က (၁)ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် (၅)ယောက်တွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုရရှိကြသော အသင်းများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တံခွန်စိုက်ဖလားရရှိသော ပဲခူးခရိုင်(က) အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားကျပ်(၅)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲအား ဇန်နဝါရီလ(၂၄)ရက်နေ့ (၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်မှ ပြိုင်ပွဲအသင်း(၈)သင်း၊ အားကစားသမား (၈၀)ဦးတို့က (၁)ဦး ချင်း၊ (၃)ယောက်တွဲ၊ (၅)ယောက်တွဲပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ရုရှားနိုင်ငံထုတ် Sputnik Light (Single Dose) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံသည့် စုရပ်များထပ်မံတိုးချဲ့ ထိုးနှံပေးနိုင်ရေးနှင့် လူစုလူဝေးများ မဖြစ်ပေါ် စေရေး အထူးဂရုစိုက် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်(၂)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)