ဘားအံ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့် အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ် အိုမီခရွန်ရောဂါတွင် ကိုဗစ်ကူးစက် ခံရဖူးသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးများ၏ ထိရောက်မှုနှုန်းလျော့ချနိုင်ခြင်း၊ ကလေးများနှင့် အသက်(၃၀)အောက် လူငယ်များတွင် ပိုမိုကူးစက်နိုင်ခြင်းကြောင့် ပြည်သူများ အနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီး ကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနိုးဆော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)