ဘောဂလိမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပေးနှိုး‌ဆော်ချက်များ လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်

ဘောဂလိ   ဇန်နဝါရီ   ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား  သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု မခံရစေရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှု ခံယူခြင်းကို အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရန်အတွက် ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ၊ ကရင် နှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့် အသိပေး နှိုးဆော် ခဲ့ကြောင်း သိရသည်။

ဘောဂလိ (ပြန်/ဆက်)