ပြည် ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းနှင့် နေလယ်ပိုင်းတွင် ပြည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသော ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် (၁၈) နှစ်မှ အသက် (၆၀) နှစ် အတွင်း အစိုးရဝန်ထမ်းများ၊ အခြားဝင်ငွေလုပ်ငန်းရှင်များနှင့် အလုပ်သမားများ၊ စားသောက်ဆိုင် ပိုင်ရှင်နှင့် ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ လုပ်သားများ၊ ဆေးထိုးရန် ကျန်ရှိနေသော ပြည်သူ များအား သီရိခေတ္တရာရတနာ မြို့တော်ခန်းမတွင် လူဦးရေ (၈၀၀) ကို ရုရှားနိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ပိုင်းခွဲ၍ ထိုးနှံပေးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ပြည်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးမှုဖြင့် ရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်နေရာ အသီးသီး၌ ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာန ဆိုင်ရာများ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းစိုး