သာယာဝတီ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက်၁၀နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ သာယာဝတီခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူ၊ သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ဉာဏ ၊ သာယာဝတီခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင်နှင့် သာယာဝတီခရိုင် (၈)မြို့နယ်မှ ကြက်ခြေနီအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင် အား ၅၀ဦးခန့်တက်ရောက်ခဲ့ပြီး၊အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်မှ အမှာစကား ပြောကြားပြီး သာယာဝတီခရိုင် ကြက်ခြေနီကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးလှဦးမှ သာယာဝတီခရိုင်အတွင်း မိမိတို့ကြက်ခြေနီအသင်းအနေဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့မူများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သာယာဝတီခရိုင်(၈)မြို့နယ်မှ တက်ရောက်လာသည့် ကြက်ခြေနီအသင်း ဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်အတွင်း လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်မှ မြို့နယ်များအလိုက် ရင်ခွဲထမ်းစင် (၈)ခု ၊ဦးထုပ်(၈၀)လုံး ၊ ရွက်ဖျင်တဲ (၈) ခု ၊အရေးပေါ်မီးလုံး(၈) လုံး ၊အားထောက်ပံ့ပေးအပ်ခဲ့ရာ သာယာဝတီခရိုင် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြင့်စိုး မှလက်ခံရယူ၍ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သန့်ဇော်