စလင်း ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါင်းနားရပ်ကွက်၊ ပြည်သူ့ဆေးရုံ ဝိုင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေး မှူး ဦးထွန်းထွန်းဝင်း၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာလူကြီးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီ: အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်ဦးတင့်လွင်မှ အောက်ဆီဂျင်စက်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရှိရသည်။ စလင်းမြို့နယ် အောက်ဆီဂျင်စက်ရုံကို အောက်တိုဘာ ၂၃ ရက်နေ့မှစတင်၍ ပန္နက်တင်အခမ်းအနားပြုလုပ် ဆောင်ရွက်ခဲ့ကြကာ စလင်းမင်းရွှေတောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ကာ ဒီဇင်ဘာလထဲတွင်အပြီးသတ်ပြီးစီးခဲ့၍ အောက်ဆီဂျင်စက်အား စမ်းသပ်မောင်းနှင်ခဲ့ကြပြီး စလင်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် မြို့မိမြို့ဖများ၏ ထည့်ဝင်လှူဒါန်းငွေကျပ်သိန်း(၃၅၀)ဖြင့် တည်ဆောက်ပြီးစီးခဲ့ပြီး အောက်ဆီဂျင်စက်ကြီးအား တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးကူညီမှု ကျပ်သိန်း(၁၀၀၀)အကုန်အကျခံကာ တရုတ်နိုင်ငံမှ မှာယူခဲ့ပြီး ပြည်သူလူထုအတွက် တည်ဆောက်ပေးခြင်းဖြစ်သည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံသို့ စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုးကြီး ၃၅ လုံးလှူဒါန်းပံ့ပိုး၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)