ဘားအံ ဇန်နဝါရီ ၂၅
ဘားအံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ပညာရေးပန်းတိုင်ကို ဆုံးခန်းတိုင်အောင်လျှောက်လှမ်းပြီး နိုင်ငံတော်အပေါ်ပြန်လည်၍ အလုပ်အကျွေးပြုကြဖို့လိုအပ်မည်ဖြစ်ပြီး သို့မှသာ နိုင်ငံသားတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများ ကျေပွန်နိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမ၌ကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တက္ကသိုလ်စာကြည့်တိုက်အတွက် ဗဟုသုတဆိုင်ရာစာအုပ်များ လှူဒါန်းသည့်အခမ်းအနားတွင် ပြောကြား သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏ အထင်ကရ ဘားအံတက္ကသိုလ်ကြီး ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည့်အတွက် အင်မတန်မှဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အရေးကြီးဆုံးမှာ ပညာရေးဖြစ်ကြောင်း၊ ပညာ ရေးနောက်ကျသည့်တိုင်းပြည်သည် အစစအရာရာ နောက်ကျကျန်နေမည်ဖြစ်ပြီး ပညာရေးတိုးတက်ဖွံ့ဖြိုးသောတိုင်းပြည်သည် အစစအရာရာ တိုးတက်ဖွံ့ဖြိုးနေမည်ဖြစ်ကြောင်း၊ ပညာရည်ထူးချွန်သည့် တတ်သိပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ဖို့လိုပြီး ကျောင်းပြန်လည်တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို လိုက်လှဲစွာကြိုဆိုပါကြောင်း၊ ပညာရှာသည့်အရွယ်တွင် ပညာနှင့်ပတ်သက်၍ ပြည့်စုံမှုရှိအောင် ရှာဖွေဖို့လိုမည်ဖြစ်ကာ ပညာရေးပန်းတိုင်ကို ဆုံးခန်းတိုင်အောင် လျှောက် လှမ်းကြဖို့ တိုက်တွန်းလိုကြောင်း၊ ယနေ့ကြိုးစားလျှင် မနက်ဖန်အောင်မြင်မှုကို မြင်ရမည်ဖြစ်ကြောင်း၊ စာများများဖတ်ဖို့လိုပြီး စာဖတ်ခြင်းမှရရှိလာသည့် အသိတရားကို လက်တွေ့ဘဝနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း၊ သို့မှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ ထိုက်တန်သည့်နေရာတစ်ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံသားကောင်းများဖြစ်ကြပြီး နိုင်ငံအတွက် အလုပ်အကျွေးပြုနိုင်သည့်သူများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ပထမပညာသင်ကာလမှ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည် အချင်းစစ်သင်တန်း၊ ပထမနှစ်နှင့် ဒုတိယနှစ်မဟာတန်းတို့တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ (၄၇)ဦးအတွက် ထောက်ပံ့ငွေ ၉၄၀၀၀၀ (ကိုးသိန်းလေးသောင်း) ကျပ်ကို ပေးအပ်ချီးမြှင့်ရာ ကျောင်းသူတစ်ဦးက လက်ခံရယူပြီး ဘားအံတက္ကသိုလ် စာကြည့်တိုက်အတွက် ဗဟုသုတဆိုင်ရာစာအုပ်များကို ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်က လက်ခံရယူသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က ပါမောက္ခချုပ်ထံ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပြက္ခဒိန်များအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ကျောင်းသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဘားအံတက္ကသိုလ်ရှိ စာသင်ဆောင်များ၊ ဘာသာရပ်ဆိုင်ရာဌာနများ၊ သင်ထောက်ကူပြုခန်းမများနှင့် ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)