သဲကုန်း ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ သီတဂူကျောင်းရှေ့ရှိ မြို့အဝင်/အထွက် စောင့်ကြည့် စစ်ဆေးရေးဂိတ်တွင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး အရေးယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင် သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းသူများအနေဖြင့် ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်ပါရှိရမှာဖြစ်ပြီး မော်တော်ယာဉ်စီးနင်း အသုံးပြုရာတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူများအားလုံး ထိုင်ခုံခါးပတ်တပ်ဆင် မောင်းနှင်စီးနင်းရမည်ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီး ဦးထုပ် အား ဆောင်း၍ မေးသိုင်းကြိုးတပ် စီးနင်းရမှာဖြစ်ပြီး ယာဉ်အသုံးပြုမောင်းနှင်ရာတွင် ယာဉ်နံပါတ်ပြားများ မတပ်ဆင်ဘဲ သို့မဟုတ် မထင်ရှားဘဲ မမောင်းရ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များ အိတ်ဇောစက်သံ ဆူညံစွာ မမောင်းရ၊မော်တော် ဆိုင်ကယ်မောင်းနှင်ရာတွင် နှစ်ဦးထက် ပိုမိုစီးနင်းခြင်းမပြုရ စည်းကမ်းချိုးဖောက်ကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်အသုံးပြုရာတွင် အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားမစီးရ၊ အမျိုးသမီးနှစ်ယောက် စီးနိုင်သည်၊ အမျိုးသားနောက်တွင် အမျိုးသမီးစီးနိုင်သည်၊ အထက်ပါညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေများအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ် ကြောင်း သိရသည်။
ချစ်နှင်းသုန်