သဲကုန်း ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အလှည့်ကျ ထုတ်ပေးခဲ့သည်။ ထို့သို့ ထုတ်ပေးရာ၌ ဇန်နဝါရီလ (၂၁) ရက်နေ့မှ ယနေ့အထိ အငြိမ်းစားဝန်ထမ်း (၁၁၀၀) ဦးခန့်က ပင်စင်လစာများ လာရောက်ထုတ်ယူခဲ့ပြီးဖြစ်သည်။
ထို့ပြင် သဲကုန်းမြို့၌ ပင်စင်လစာမထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကိုလည်း ဇန်နဝါရီ လကုန်အထိ ရုံးဖွင့် ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်။
ထို့ပြင်သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဖေဖော်ဝါရီလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်နှင်းသုန်