ပခုက္ကူ ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ်အတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများဖွင့်ပွဲသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် နေ့လယ် ၁၁ နာရီခွဲအချိန်က မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့နှင့်အတူ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦ (Multi-Purpose Shelter) ဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
ဆက်လက်၍ ကွန်းရွာကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံကာ အဆောက်အဦအား စနစ်တကျ အသုံးပြုရေးနှင့် ရေရှည်ခိုင်ခံ့စွာ အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်တို့ကို လမ်းညွှန်မှာကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးအတွင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် တည်ဆောက် ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး အောက်ဆီဂျင်စက်ရုံ ပုံမှန်လည်ပတ် ထုတ်လုပ်ပေးနိုင်မှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်း၊ အရေးပေါ်လူနာကုသဆောင်များ၊ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ သီးသန့်ကုသဆောင်၊ ကျောက်ကပ်တုသွေးသန့်စင်ခန်း၊ ခွဲစိတ်ကုသဆောင်နှင့် CCTV တပ်ဆင် ဆောင်ရွက်ထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက လိုက်လံရှင်းလင်းပြသသည်။
ထို့အပြင် ဝန်ကြီးချုပ် ဦးတင့်လွင်က ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)