ကျိုက်လတ် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက မြို့မဈေးနှင့် မြို့ပေါ်ရပ် ကွက်များအတွင်း လှည့်လည် ကြေညာခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးဆက်မှု လျှော့နည်းနေသော်လည်း၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါပိုးသည် ရက်ပိုင်း အတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပြန့်နှံ့မှု များပြားလာနေပြီဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်လည်း ရောဂါပိုးတွေ့ရှိသူများ ရှိနေပြီဖြစ် သဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့် အညီနေထိုင်ကြရန်၊ မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြ ပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် Hand Speaker များဖြင့် လိုက်လံနှိုးဆော် ကြေညာခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်