သရက် ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာမြို့မဈေး၊ အနောက်ဈေး၊ ယာယီပျံကျဈေးနှင့် ရွှေဘုံသာ ဘုရားလမ်းဆုံ ကားဂိတ်တို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သုခရတနာ ပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါသည် ယခုအချိန်၌ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာနေပြီ ဖြစ်သောကြောင့် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွါသွားခြင်းမပြုရန်၊ မဖြစ်မနေထွက်ခွါသွားလာရပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စနစ်တကျ မကြာခဏ ဆေးကြောရန်၊ လူစုလူဝေး ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ ခပ်ခွါခွါ နေထိုင်ကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။
ထို့အပြင် သရက်မြို့နယ်အတွင်းရှိ ဈေးသွား၊ ဈေးလာပြည်သူများ၊ မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းလိုက်ပါသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)