မြို့သစ် ဇန်နဝါရီ ၂၅
မကွေးခရိုင်၊ မြို့သစ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက “ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ခြောက်ထောင်ကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်း တစ်ထောင်ကျော် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”ဟူသောဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့သစ်မြို့နယ် ဦးစီးမှူး ဦးတင်စိုးဦးဆောင်၍ မြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်“ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊ မေလမှစတင်ကာ စိစစ်ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၁၅၈)ကတ်၊ တရားဝင်အိမ်ထောင်စု လူဦးရေစာရင်း (၁၁၈၁)စုတို့ကို စိစစ်ဆောင်ရွက်ပြီးစီးကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကိုလည်း ၂၀၂၂ ခုနှစ်နိုဝင်ဘာလအတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်အမျိုးမျိုး ထုတ်ပေးနိုင်ရေး “ပန်းခင်စီမံချက်” လုပ်ငန်းမှာ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများ၊ မည်သည့်ကတ် အမျိုးအစားမှ ကိုင်ဆောင်ထားခြင်း မရှိသူများ၊ အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိသူများ ၂၀၂၁ခုနှစ် ဧပြီလ၁ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အတွင်း တိုးလာမည့် အသက်(၁၈)နှစ်နှင့်အထက်ရှိသူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရရှိနိုင်ရေးအတွက် ရည်ရွယ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)