ကျောက်ကြီး ဇန်နဝါရီ ၂၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သော (၁၀၀)ကေဗွီအေ ထရန်စဖော်မာနှင့် ကျေးရွာနေပြည်သူများ ကိုယ်ထူကိုယ်ထတည်ဆောက်သည့် (၄၀၀)ဗို့ဓါတ်အားလိုင်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ ၄ နာရီတွင် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာအုပ်စု၊ တောင်စု(အရှေ့) ကျေးရွာဘက်စုံသုံးခမ်းမဆောင်နှင့် ကျေးရွာရွာလယ်လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ယခုလို လျှပ်စစ် မီးရရှိခြင်းသည် ကျေးရွာညီညွှတ်မှု၊ စည်းလုံးမှုနှင့် မြို့နယ် တာဝန်ရှိသူများကြိုးစားဆောင်ရွက်မှုကြောင့် ရရှိခြင်းဖြစ်ကြောင်း၊ မီးရရှိလာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းမြင့်မားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးရွာမီးလင်း ရေးကော်မတီများအနေနှင့် ကျေးရွာမီးလင်းရေးညွှန်ကြားချက်များနှင့်အညီ ရငွေသုံးငွေများကို ဒေသခံပြည်သူများ သိရှိလက်ခံနိုင်ရန် ချပြရှင်းသွားရန် လိုအပ်ကြောင်းပြောကြားပြီး၊ ကျောက်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မိုးဦးက လျှပ်စစ်နှင့်ပတ်သက်ပြီး အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းဆောင်တာများအား ကျေးရွာမီးလင်းရေးကော်မတီဝင်များအား ချပြရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး (၁၀၀)ကေဗွီအေ ထရန်စဖော်မာထားရှိရာရှေ့ ရွာလည်လမ်းမပေါ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျောက်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ (၁၀၀)ကေဗွီအေ ထရန်စဖော်မာအား အမွှေးနံ့သာရေများပက်ဖြန်းခြင်း၊ လျှပ်စစ်ဓါတ်အားပေးလွှတ်ဆောင်ရွက်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့သည်၊၊ အဆိုပါ လျှပ်စစ်မီးရရှိသည့်အတွက် အင်းနက်ကျေးရွာအုပ်စု၊ တောင်စု(အရှေ့) ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၃၆)စု၊ အိမ်ခြေ(၄၀)၊ လူဦးရေ (၂၀၂)ဦး လျှပ်စစ်မီး သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှူးနှင့် လိုင်းဝန်ထမ်းများ၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)