မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပခုက္ကူတက္ကသိုလ်ကျောင်း ပင်မမုခ်ဦးဖွင့်ပွဲနှင့် ကတ္တရာလမ်းအသစ် ဖွင့်ပွဲသို့ တက်ရောက်

ပခုက္ကူ  ဇန်နဝါရီ ၂၅

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ပခုက္ကူတက္ကသိုလ် ပင်မမုခ်ဦးဖွင့်ပွဲနှင့် ကတ္တရာလမ်းအသစ်ဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ပထမဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် နံနက် ၉ နာရီခွဲ အချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့နှင့်အတူ ပခုက္ကူတက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်ကျောင်းပင်မမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ မုခ်ဦးဆိုင်း ဘုတ်အား အောင်သပြေပန်းဖြင့် အမွှေးနံ့သာရည် ပက်ဖျန်းခြင်းများပြုလုပ်ကြသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ်ကျောင်းဝန်းအတွင်းလူဦးရေ(၁၆၀)ဆံ့ အောင်ဇဗ္ဗူ ကျောင်းသား အိပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ကျောင်းသား အိပ်ဆောင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးများ ပြုလုပ်ကြပြီး တက္ကသိုလ် လေးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၂၁) နှစ်ပြည့် ပခုက္ကူတက္ကသိုလ်နှစ်ပတ်လည် အထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ထို့အပြင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၁၁နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ ရွှေလမ်းကတ္တရာ လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားရာ ပခုက္ကူမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးဇော်နိုင်လင်းက ကတ္တရာလမ်းအသစ်ခင်းခြင်း ဆောင်ရွက်မှုများ နှင့်ပတ်သက်သည့် လုပ်ငန်း အသေးစိတ် အကြောင်းအရာများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက အလျား ၄၇၈၇ပေ၊ အနံ ၂၄ပေရှိသည့် ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)