ကျိုက်ဒုံ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် ကွမ်းသီးပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ယခုနှစ်တွင် ကွမ်းသီးစိမ်းများ အထွက်နှုန်းကောင်းမွန်သောကြောင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစုအပိုဝင်ငွေ ရရှိနေကြသည်။
ယခင်နှစ်က ကျိုက်ဒုံဒေသအတွင်း၌ ကိုဗစ်-၁၉ရောဂါကြောင့် ကုန်စည်စီးဆင်းမှုနည်းပါးခဲ့ပြီး ကွမ်းသီးအစိမ်းအလုံးတစ်ရာလျှင် ငွေ(၁၀၀၀)ကျပ်အထိသာ ရရှိခဲ့ပြီး ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူများ ဝင်ငွေနည်းပါးခဲ့သည်။
ယခုနှစ်တွင် ကျိုက်ဒုံမြို့ပေါ်၌ ကွမ်းသီးအစိမ်းအလုံးတစ်ရာလျှင် ငွေ(၂၄၀၀)ကျပ်၊ ကွမ်းသီးအသန့် တစ်ပိဿာလျှင် ငွေ(၆၀၀၀) ကျပ်၊ ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ငွေ(၅၃၀၀)ကျပ်၊ ကွမ်းသီးအပုတ် တစ်ပိဿာလျှင် ငွေ(၂၀၀၀)ကျပ်အထိ စျေးကောင်းများ ပြန်လည်ရရှိခဲ့သဖြင့် ကွမ်းသီးခြံပိုင်ရှင်များနှင့် တစ်ပိုင်တစ်နိုင်ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။
အဆိုပါကွမ်းသီးများကို ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ မော်လမြိုင်၊ ကော့ကရိတ်မြို့အထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)