ကော့သောင်း ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharmအား ရပ်ကွက်နှင့် ကျေးရွာများအလိုက် ဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူများအား ပြည်တော်အေး သာသနာ့ဗိမ္မာန်တော်၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန် စာရင်းပေးထားပြီး ပထမကြိမ် ဆေးထိုးနှံပြီးသူ အသက်(၁၈)နှစ်အထက် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယနေ့ မြို့ပေါ်ရပ်ကွက်များမှ ပထမကြိမ်ဆေးထိုးနှံပြီး ဒုတိယ အကြိမ် ထိုးနှံရန်ကျန်ရှိသူ ရပ်ကွက်ပြည်သူများကို ဒုတိယအကြိမ် အဖြစ်ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အနေဖြင့် တစ်မြို့နယ်လုံးရှိလူဦးရေအရ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံနိုင်မှု (၅၁.၉၆) ရာခိုင်နှုန်းခန့်ရှိပြီး ဖြစ်ကြောင်း လည်း သိရသည်။
ကျော်စိုး (ကော့သောင်း)