(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဖြူး ဇန်နဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို  အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ(၂၄)ရက်နေ့၊ နံနက်(၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဖြူးမြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပြီး ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်နွယ်နွယ်အေးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ကျောင်းသား/ကျောင်းသူများအနေဖြင့်  ပြည်ထောင်စုနေ့ကို ထာဝရမမေ့အပ်ကြောင်း၊ ပြည်ထောင်စုနေ့သည် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း သိရှိနေဖို့လိုကြောင်းနှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ ပင်လုံစာချုပ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိ ပညာပေးဟောပြောပြီး ပြည်ထောင်စုနေ့နှင့် ပတ်သက်၍  သိရှိလိုသည်များကို    တက်ရောက်လာကြသော     ကျောင်းသား/ကျောင်းသူများက မေးမြန်းရာ  ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)