ဘားအံ ဇန်နဝါရီ ၂၅
ကရင်ပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဂျိုင်း(ဇာသပြင်)တံတားသစ် တည်ဆောက်ရေး စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဂျိုင်း(ဇာသပြင်)တံတားသစ်တည်ဆောက်ရေးစီမံကိန်းနေရာ၌ စီမံကိန်းအင်ဂျင်နီယာ ဦးမျိုးဝင်းက မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေး စင်္ကြန်အမြန်လမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(MY-P15) ဂျိုင်း(ဇာသ ပြင်)တံတားသစ်တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ တည်ဆောက်မည့် တံတားအမျိုးအစား၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် လျာထားပြီးစီးမည့် အချိန်တို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့် စွက် ဆွေးနွေးပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည် အသွေးကောင်းမွန်ရေးကိုဦးစားပေးပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဂျိုင်း(ဇာသပြင်)တံတားသစ်သည် အိန္ဒု-ဇာသပြင်-မော်လမြိုင် ဆက်သွယ်ရေး ကားလမ်းမကြီး ပေါ်တွင် တည်ရှိပြီး ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန်(၆၀)တန်၊ အရှည် ၂၆၁၄ ပေ၊ အကျယ် ၆၈ ပေ (လေးလမ်းသွား)၊ သုံးခန်းတွဲသံမဏိကြိုးဆိုင်း သံဘောင်ကွန်ကရစ် တံတားအမျိုးအစားဖြစ်ကာ ချဉ်းကပ်လမ်း ၁ ဒသမ ၀ ကီလိုမီတာ ပါဝင်မည်ဖြစ်ပြီး မော်လမြိုင်-အိန္ဒု-ဘားအံ-ကော့ကရိတ်-မြဝတီအစရှိသော မြို့ကြီးများနှင့်ချိတ်ဆတ်တည်ရှိသော လမ်းမကြီးပေါ်တွင်တည်ရှိသည့်အတွက် အဆိုပါတံတားသစ်ကြီးတည်ဆောက်ပြီးစီးပါကလမ်းပန်းဆက်သွယ်ရေး နှင့်ကုန်စည်စီးဆင်းမှုကို ပိုမိုလွယ်ကူလျှင်မြန်စေမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို ထိုတံတားကြီးပေါ်မှ ဖြတ်သန်းဆောင်ရွက်နိုင်မည်ဖြစ်ကာ တိုင်းရင်းသားပြည်သူတို့၏ လူမှုအကျိုးစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေမည်ဖြစ်သည်။
ထို့နောက် စီမံကိန်းရှင်းလင်းဆောင်၌ စီမံကိန်းအင်ဂျင်နီယာဦးမျိုးဝင်းနှင့် တံတားအထူးအဖွဲ့ (၁၄)မှ လက်ထောက်ညွှန်ကြားရေးမှူးဦးဝေဖြိုးတို့က ဂျိုင်း(ဇာသပြင်)တံတားသစ်တည်ဆောက် ရေးလုပ်ငန်းအသေးစိတ်နှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လထိ (၆)လ ဘတ်ဂျက်ကာလတွင် ကရင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် တံတားလုပ်ငန်းများနှင့် ပတ်သက် ၍ Power Point အသုံးပြု ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေး၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် AK Co.⸴Ltd မှ BOT စနစ်ဖြင့်ဆောင်ရွက်သော ကော့ကျိုက်-ကော့ပရံ-ဇာသပြင် အဖြောင့်လမ်း မိုင်တိုင် ၇/၄ ရွှေတောလမ်းဆုံ၌ ၃ ပေခန့် တာဘောင်ဖို့အမြင့်တင်ပြီး ၉ လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှု့စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းဘေးဝဲယာရှိ အရိပ်ရသစ်ပင်များအား စနစ်တကျဖြစ်စေရေး စီမံ ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ရွှေတော-ကော့မူးတာ ဖြတ်လိုင်းလမ်း တစ်မိုင်လေးဖါလုံအား Perfect Mother Co.⸴Ltd မှ အောက်ခံကျောက် ကြမ်းလမ်း ၁၆ ပေနှင့် ၁၄ ပေအကျယ် ကွန်ကရစ် လမ်းခင်းနေမှု အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး (၆)လ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့အဝင်သန့်ရှင်းသာယာလှပရေး သံလွင် တံတား အတက်/အဆင်းလမ်း ဘားအံဘက်ခြမ်းနှင့်တရုတ်လှလမ်းဆုံ၌ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့မှဆောင်ရွက်မည့် လမ်းဆုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းမြေနေရာနှင့် မြို့အဝင်မုခ်ဦး တည်ဆောက်နေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည် များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)