ကန်ကြီးထောင့် ဇန်နဝါရီ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ကန်ကြီးထောင့် မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ၌ ယမန်နေ့ညနေ၅နာရီက စံပြသုခစိုက်ပျိုးရေး၊မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသားများနှင့် တွေ့ဆုံပြီး လယ်ယာသုံးထွန်စက်သရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာ၊ ဘိုးဘွားခန်းမတွင်အသေးစားစက်မှု လက်မှုဦးစီးဌာနမှ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းမှ သင်တန်းသားများနှင့် တွေ့ဆုံ၍ စားသောက်ကုန်လက်တွေ့ထုတ်လုပ်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး စံပြသုခစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်း လီမိတက်မှအသင်းသားဦးခင်မောင်ဝင်း၏လယ်ယာမြေ၂ဧကတွင် Daedong လယ်ယာသုံးထွန်စက်များဖြင့်ထွန်ယက် သရုပ်ပြပွဲအား ကြည့်ရှုကာဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
ဆက်လက်၍ ဝါးဒူးကျေးရွာအုပ်စုအနောက်စုကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စံပြသုခစိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသားများနှင့် တွေ့ဆုံပွဲကိုပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားများပြောကြားကာ ကန်ကြီးထောင့် မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့် စံပြသုခစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အထွေထွေသမဝါယမ အသင်းလီမိတက်ဥက္ကဋ္ဌ အသင်း၏လုပ်ငန်း ဆောင်ရွက်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)