ကောလင်း ဇန်ဝါရီ ၂၄
ဂန္ဓမာပန်းအမျိုးမျိုးရှိပြီး ဂန္ဓမာပန်း စိုက်ပျိုးတဲ့အခါမှာတော့ အကိုင်းကို စိုက်ပျိုးလေ့ရှိပါတယ်။ ဂန္ဓမာပန်း ပျိုးပင်တွေကို တစ်လခန့်ပျိုးထားပေးဖို့လိုပါတယ်။ ပျိုးမယ့်နေရာကလည်း လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကို သင့်တင့်မျှတစွာ ရရှိဖို့လည်း လိုအပ်ပါတယ်။ ဂန္ဓမာပန်းတွေဟာပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုကို မနှစ်သက်ပါ။ မြေဆီသြဇာထက်သန်တဲ့မြေတွေမှာ ပိုပြီးဖြစ်ထွန်းပါတယ်။
ရေဝပ်တာကို မကြိုက်တဲ့အတွက် ရေဝပ်တဲ့မြေတွေမှာ စိုက်ဘောင်ဖော်ပြီး စိုက်ပျိုးဖို့ လိုပါတယ်။ တစ်ပင်နဲ့ တစ်ပင် (၆)လက်မကွာ စိုက်ပျိုးပေးရပါတယ်။ ဂန္ဓမာပန်း စိုက်ပျိုးတဲ့ အခါမှာလည်း အရမ်ကြီးစိုက်စရာမလိုပဲ တစ်လက်မလောက် မြေကြီးထဲကို ဝင်အောင်စိုက်ရင် အဆင်ပြေနိုင်ပါတယ်။
ဂန္ဓာပန်းသည် ဖျန်းရေကို ပိုမိုနှစ်သက်ပါတယ်။ ရေသွင်းစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်ပြီး၊ ရေသွင်းစနစ်ဖြင့် စိုက်ပျိုမည်ဆိုလျှင် စိုက်ကွက်ဘေးပတ်လည်တွင် ရေနုတ်မြောင်း ဖော်ပေးရမည်ဖြစ်ပြီး မြေသြဇာများ ကျွေးပြီးလျှင် ရေသွင်း၍ ပြန်လည်ရေထုတ်ရန် ဖော်ပေးရခြင်း ဖြစ်ပါသည်။
အပင်တွေကောင်းကောင်း ရှင်သန်ကြီးထွားကျန်းမာနေပြီး ပိုးမွှားရောဂါဒဏ်ခံနိုင်အောင် စတင်စိုက်ပျိုးချိန် ကတည်းက အထူးဂရုစိုက်ဖို့လိုပါတယ်။ စိုက်ပျိုးပြီး (၁)လခွဲကြာတဲ့အခါ အဓိကလုပ်ဆောင်ပေးရမယ့် အရာကတော့ ပေါင်းရှင်းတဲ့လုပ်ငန်းဖြစ်ပါတယ်။ ပြီးရင် အစာထပ်ပြီးကျွေးပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွေးလိုက်တဲ့ အစာတွေကို ကြားထဲက ပေါင်းမြက်တွေ လုယူမစားသုံးပဲ ပန်းပင်က အပြည့်အဝရအောင် ပေါင်းဂရုစိုက်ရှင်းဖို့ လိုအပ်ပါတယ်။
ဂန္ဓာပန်းအမျိုးမျိုးရှိရာ အချို့ပန်းများသည် အတက်၊ အဖူးများခြွေရပြီး၊ ရာသီဥတု၊ မြေသြဇာထက် တန်မှုပေါ်မူတည်၍ စိုက်ပျိုးပြီး (၃)လကျော်ကြာတဲ့အချိန်မှာတော့ အဖူးလေးတွေကို ခြွေပေးရမှာဖြစ်ပါတယ်။ အဖူးခြွေတဲ့ လုပ်ငန်းဟာ ဈေးကွက်ဝင်တဲ့ ပန်းတွေရဖို့အတွက် အဓိကကျတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ (၄) လကျော်ကြာတဲ့အခါ ဈေးကွက်ဝင်ရောင်းပန်း လှတဲ့ ပန်းတွေကို ခူးဆွတ်နိုင်ပြီဖြစ်ပါတယ်။
ဂန္ဓမာပန်းတစ်ခါစိုက်ရင် အနည်းဆုံး (၂-၃)ကြိမ်ခန့်အထိ ပွင့်လေ့ရှိသလို (၃)ကြိမ်မြောက် ပွင့်ပြီးရင် အပွင့်တွေ သေးငယ်သွားတာကြောင့် ဖယ်ရှားပြီး ထပ်မံစိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ဂန္ဓမာပန်းဟာ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ပြုစုပေးသလောက် ဝင်ငွေရစေတဲ့ ပန်းဖြစ်ပါတယ်။ ဒါကြောင့် မိသားစုဝင်ငွေ အမြဲတိုးပွားစေဖို့ ဂန္ဓမာပန်း စိုက်ပျိုးသင့်ပါကြောင်း ရေးသား အပ်ပါသည်။
မြင့်ထွန်းမင်း(ကောလင်း)