အင်္ဂပူ ဩဂုတ် ၂၆
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုဖြင့် အင်္ဂပူမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်စန်းက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိနှင့် ဌာနဆိုင်ရာ အကြီးအကဲများက မိုစပါးမျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
အင်္ဂပူမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများကို မြို့နယ်အတွင်း ရှိ ကျေးရွာအုပ်စု ၁၆ စုမှ တောင်သူ(၆၂)ဦး၏ မျိုးစေ့ထုတ် လယ် ၂၅၀ ဧကအတွက် ငွေကျပ် (၂၀၈၉၃၀၀၀)ကျပ်ကို ထုတ်ပေး ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)