(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲအခမ်းနား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တက်ရောက်ဖွင့်လှစ်ပေး

ဟင်္သာတ   ဇန်နဝါရီ   ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့က ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ပဲကြီးကျွန်းကျေးရွာရှိ တောင်သူဦးသိန်းစိုး ပိုင်ဆိုင်သောကိုင်းကွင်းအတွင်း ပြုလုပ်ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  SOLAR MINI GRID မီးလင်းရေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင်  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်မှ အမျိုးသား လျှပ်စစ်ဓါတ် အားရရှိရေးစီမံကိန်း (NEP-Mini Grid)လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊  Mega Global Green Automation Co.ltd(MGGA)မှ Project  မန်နေဂျာ ဦးထွန်းဦးကျော်မှ ပဲကြီးကျွန်းကျေးရွာ  Solar Mini Grid မီးလင်းရေး ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ကျေးရွာနေပြည်သူလူထုကိုယ်စား  မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းတွင်  Solar Mini Grid မီးလင်းရေးမုဒ်ဦးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် Project  မန်နေဂျာ ဦးထွန်းဦးကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြည်ထောင်စုဝန်ကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့မှ Mini Grid လုပ်ငန်း ကမ္ဗည်းမော်ကွန်း ကြေးပြားအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံသာရည်များပက်ဖြန်း ပေးခဲ့ကြပြီး နောက် Mini Grid မီးလင်းရေး ဆောင်ရွက်ထားရှိမှုများအားလိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ ခရိုင်/မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ သည်။

ယနေ့ဖွင့်လှစ်ပေးခဲ့သော Solar Mini Grid မီးလင်းရေးလုပ်ငန်းစဉ်အား (၂၀၁၉-၂၀၂၀)ပြည့်နှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့ Mega Global Green Automation Co.ltd(MGGA)၏ Project  မန်နေဂျာ ဦးထွန်းဦးကျော်မှ ဦးဆောင်၍ (၁-၉-၂၀၂၀)ရက်နေ့မှ (၆-၉-၂၀၂၁)ရက်နေ့ အထိ တာဝန်ယူလုပ်ဆောင်ခဲ့ပြီး အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း (NEP-Mini Grid)မှ (၇၄၀.၇)သန်းကျပ်၊ ဒေသခံပြည်သူထည့်ဝင်ငွေ(၂၆၄.၉)သန်းကျပ်၊ ရင်းနှီးမြုပ်နှံသည့် Mega Global Green Automation Co.ltd(MGGA)မှ (၂၆၄.၉)သန်းကျပ်၊ စုစုပေါင်း ငွေကျပ် (၁၂၃၄.၅) သန်းကျပ် ကုန်ကျခဲ့ကြောင်း၊ ပဲကြီးကျွန်းကျေးရွာတွင် အိမ်ခြေ(၄၉၀)လုံး၊ အိမ်ထောင်စု(၅၀၀)စု၊ လူဦးရေကျား(၈၈၄)ဦး၊ မ(၁၀၂၁)ဦး၊ ပေါင်း(၁၉၀၅)ဦးတို့ရှိပြီး ယခုအချိန်တွင် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ်(HYBRID SYSTEM)ဖြင့် (၁၃၂)ကီလိုဝပ်ထိ ထုတ်ယူသုံးစွဲနိုင်ပြီး ပြည်သူအသုံးပြု အဆောက်အဦများဖြစ်သော (အထက)ပဲကြီးကျွန်း၊ ပညာသာရဘုန်းတော်ကြီးကျောင်း၊ မုန်တိုင်းဒဏ်ခံအဆောက်အဦ၊ ပဲကြီးကျွန်းကျေးရွာ စာကြည့်တိုက်၊ ပဲကြီးကျွန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် လမ်းမီးတိုင်(၁၈၂)တိုင်နှင့် အိမ်ခြေ(၂၉၅)လုံးတို့အား အချိန်ပြည့် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ကိုဇော် - ဟင်္သာတ